Rebuild Myanmar: Mandalay Quake Relief
Latest Updates >

Online မှ တဆင့် ငွေကြေးလိမ်လည်ခံရမှု ဖြစ်စဥ်နှင့် စပ်လျဥ်း၍ အများပြည်သူသိရှိနိုင်ပါရန် အသိပညာပေး ဖြန့်ဝေခြင်း။

အမှုတွဲဖြစ်စဉ်နမူနာ

Ni Ni Swe (အမည်လွှဲ) ဖြင့် Facebook အသုံးပြုသူတစ်ဦးအား ၂၊၈၊၂၀၂၃ ရက်နေ့တွင် ခန့်ဝေမောင် (ခ) မောင်မောင်လွင် ဆိုသူမှ Online ပေါ်တွင် အစုရှယ်ယာများ ဝယ်ယူစုဆောင်းခြင်း (သို့မဟုတ်) အတိုးနှုန်း နည်းနည်းဖြင့် ငွေချေးယူနိုင်ကြောင်း၊ Company လိပ်စာမှာ Zwel Htet (ဇွဲထက် ရှယ်ယာ ကုမ္ပဏီလီမိတက်ရုံး) (102 A) လမ်းကြား ၊ (၆၂) လမ်း ၊ တွတ်ပီကွေ့ ၊ မန္တလေး ဖြစ်ကြောင်းမိတ်ဆက်ပြီး ၎င်း၏ မှတ်ပုံတင်အား ပြသ၍ ယုံကြည်အောင် ပြောဆိုခဲ့ပါသည်။

နစ်နာသူမှ အစုရှယ်ယာစုစုပေါင်းကျပ်သိန်း (၉,၆၅၀) ကျော်အား ဝယ်ယူရင်းနှီးရန် ၎င်းတို့ပေးပို့ခိုင်းသည့် Wave Pay များသို့ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ပါသည်။

မိမိလွှဲပေးခဲ့သည့်ငွေများအား ပြန်လည်ထုတ်ပေးရန်တောင်းဆိုရာတွင် ဘဏ်ငွေလွှဲပုံစံအတုကိုသာ ပြသပြီး အဆိုပါငွေပမာဏကို ပြန်လည်ထုတ်ယူလိုပါက ငွေထပ်မံလွှဲပေးရန်သာ ပြောဆိုပါသည်။

၎င်းတို့ဖက်မှ မည်သည့်ငွေကိုမျှ ပြန်လည် လွှဲပေးခြင်းမရှိသည့်အတွက် ဆုံရှုံးခဲ့သည့်ငွေများအား ပြန်လည် ရရှိနိုင်ရေးနှင့် မိမိကဲ့သို့ အခြားမသိနားမလည်သူများ လိမ်ညာခံရ၍ ငွေကြေးဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်စေရေး အတွက် Online မှ အုပ်စုဖွဲ့ ငွေလိမ်လည်သူများနှင့် ကုမ္ပဏီများကို ‌ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေး နိုင်ပါရန် အထောက်အထားများနှင့် တင်ပြတိုင်ကြားလာခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှု မြန်ဆန်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force)နှင့် ပြည်ထဲ‌ရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်း၍ အရေးယူဆောင်ရွက်မှု
ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ အရေးယူဆောင်ရွက်မှု

လူပုဂ္ဂိုလ်တစ်ဦး၏ Social Media ကို အသုံးပြု၍ Online မှ တဆင့် ငွေကြေးလိမ်လည်သွားသော Company နှင့် လူပုဂ္ဂိုလ်များအား အရေးယူပေးနိုင်ပါရန် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ တင်ပြ တိုင်ကြားလာခြင်းအပေါ် ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က

  • တိုင်ကြားသူအား တွေ့ဆုံမေးမြန်းခြင်း၊
  • တိုင်ကြားချက်ပါ အချက်အလက်များနှင့် ပတ်သက်၍ စိစစ်ခြင်း၊
  • နစ်နာသူမှ သက်ဆိုင်ရာ ရဲစခန်း၌ ပြစ်မှုကြောင်းအရ တရာလိုပြု အမှုဖွင့်တိုင်ကြားရန် အသိပေး ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှု မြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) မှ အရေးယူဆောင်ရွက်မှု
  • လွှဲပြောင်းပေးပို့ခဲ့သည့် Wave Pay Account များအား Fraud SOP အရ ယာယီတားဆီးပေးရန် Wave Money သို့ အကြောင်းကြားခြင်း။
  • လူပုဂ္ဂိုလ်နှင့် ပတ်သက်၍ လိုအပ်သလိုဆက်လက်ဆောင်ရွက်နိုင်ပါရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားခြင်း။
ပြည်ထဲ‌ရေးဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်မှု
နစ်နာသူသည် Online ကို အသုံးပြုကာ ငွေများလိမ်လည်ရယူနေသော Zwel Htet (ဇွဲထက် ချေးငွေ ကုမ္ပဏီလီမိတက်) Facebook Page မှ တာဝန်ရှိသူအားအရေးယူပေးပါရန်တိုင်ကြားသဖြင့်
  • ၂၊ ၈၊ ၂၀၂၅ ရက်နေ့တွင် ရန်ကင်းမြို့မ ရဲစခန်း၌ အမှုဖွင့် လှစ်ခြင်း။
  • ၁၂၊၁၂၊၂၀၂၅ ရက်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်း၊
ရန်ကင်းမြို့နယ်တရားရုံးမှ အရေးယူဆောင်ရွက်မှု
  • ၂၉၊၁၂၊၂၀၂၅ ရက်နေ့တွင် တရားခံ နှင်းဝတ်ရည် (ခ) မိပြုံး နှင့် လင်းလင်းကို တို့အား ထောင်ဒဏ် (၂) နှစ်စီ ကျခံစေရန်၊
  • ပြင်ဆင်/အယူခံရက်ကျော်လွန်က သက်သေခံ ငွေကျပ်သိန်း ၁၄၀၀ အား တရားလိုထံ ပြန်ပေးရန်နှင့် သက်သေခံ ဖုန်း (၃) လုံးတို့အား ပိုင်ရှင်များထံ ပြန်ပေးရန် အမိန့်ချမှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှု မြန်ဆန်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) နှင့် ပြည်ထဲ‌ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဆိုပါ Online လိမ်လည်မှုအား ဖော်ထုတ်၍ အရေးယူခြင်းအား အများပြည်သူသိရှိနိုင်ပါရန် အသိပညာပေး ဖြန့်ဝေအပ်ပါသည်။