Media Release

uab bank နှင့် MAI တို့မှ ကမ္ဘာအဆင့်ကြက်တောင်အားကစားသမား ဘုန်းပြည့်နိုင်နှင့် ပူးပေါင်းကာ လူငယ်ကြက်တောင်အားကစားသမားများ ပြုစုပျိုးထောင်ရန် ဆောင်ရွက်သွားမည်

ရန်ကုန်၊ (၂၀၂၃) မေလ (၂၇) ရက် - လူငယ်ကြက်တောင် အားကစားသမားများကို ပိုမို ပံ့ပိုးပေးရန် ရည်ရွယ်လျှက် မြန်မာ့ကြက်တောင် အားကစားလောက၏ ထင်ရှားသော နိုင်ငံကျော် လက်ရွေးစင် ကြက်တောင်အားကစားသမား တစ်ဦးဖြစ်သည့် ဘုန်းပြည့်နိုင်သည် uab bank၊ Myanmar Airways International (MAI) တို့နှင့်အတူ လူငယ်ကြက်‌တောင် အားကစားသမားများကို ပိုမိုပံ့ပိုးပေးရန် ရည်ရွယ်လျက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲအခမ်းအနားအား မေလ ၂၇ ရက် ၂၀၂၃ခုနှစ်တွင် အောင်အောင်မြင်မြင်ကျင်းပခဲ့ပါသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ နိုင်ငံ့လက်ရွေးစင် ကြက်တောင်အားကစားသမားတစ်ယောက်အနေဖြင့် ဘုန်းပြည့်နိုင်၏ အစဥ်တစ်စိုက် မလျော့သော ဇွဲ၊လုံ့လ၊ဝီရိယတို့ဖြင့် မဆုတ်မနစ် ကြိုးစားအားထုတ်မှုတို့ကြောင့် ကမ္ဘာ့ကြက်တောင်အားကစားလောက၏ အဆင့် သတ်မှတ်ချက် ၂၀၀ အဖြစ်ရပ်တည်နေပြီဖြစ်ပါသည်။ ဘုန်းပြည့်နိုင်၏ စွမ်းဆောင်ရည်နှင့် လေ့ကျင့်သားပြည့်ဝနေမှုများကြောင့် နိုင်ငံ၏ အနာဂတ်တွင်တောက်ပလာမည့် အရည်အချင်းရှိ လူငယ်အားကစားသမားတစ်ယောက်အနေဖြင့် ဂုဏ်ယူဖွယ်လူအများအသိအမှတ်ပြုမှု ရရှိထားပြီဖြစ်ပါသည်။

ဘုန်းပြည့်နိုင်သည် တစ်ဦးတစ်ယောက်တည်းအောင်မြင်မှုထက် နိုင်ငံတကာအဆင့်မှီ ပံ့ပိုးမှုများဖြင့် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တွင် လေ့ကျင့်ကာ ထူးချွန်သည့် အနာဂတ်လူငယ်ကြက်တောင်အားကစားသမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဇဝနကြက်တောင်အားကစားကွင်းကို တည်ထောင်ခဲ့ပါသည်။

“ကျွန်တော်က အမြဲကိုယ့်ကိုယ်ကိုရော တခြားသူတွေအတွက်ကို ပိုကောင်းတဲ့လမ်းရောက်အောင်ပိုကြိုးစားချင်တယ်။ အောင်မြင်ဖို့အတွက်လည်းဘာတွေလိုမလဲအမြဲ စဥ်းစားဖြစ်တယ်”။ ထို့အပြင် “ကျွန်တော်လည်း လေ့ကျင့်တာတွေအမြဲလုပ်ပြီး သူများတွေကို ပိုကြိုးစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးတယ်။ လေ့ကျင့်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုလည်းဖန်တီးထားပေးတယ်။ ဒီလိုလုပ်တာတွေက နောက်လာမယ့် ကြက်တောင်အားကစားလောကရော၊ လူငယ်ကစားသမားတွေကိုပါ ပိုပြီးတိုးတက်စေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ uab bank နဲ့ MAI တို့ရဲ့ အကူအညီနဲ့ ကျွန်တော့်အိပ်မက်ဖြစ်တဲ့ ၂၀၂၄ အိုလံပစ်အတွက်တင်မကဘဲ ရေရှည်မှာ အားကစားသမားတွေအတွက် တကယ်ကို ကြီးမားတဲ့ အထောက်အပံ့တစ်ခုဖြစ်လိမ့်မယ်လို့လုံးဝယုံကြည်ထားတယ်” ဟု ဘုန်းပြည့်နိုင်မှ ပြောကြားခဲ့ပါသည်။

သူ၏ အလားအလာနှင့် ကြိုးစားမှုတို့ကြောင့် uab bank နှင့် MAI တို့မှ ဂုဏ်ယူစွာဖြင့် ပံ့ပိုးကူညီရန်ဆုံးဖြတ်ခဲ့ပါသည်။ လူငယ်များအား အခွင့်အရေးများပိုမိုပေးဆောင်နိုင်ရန်နှင့် ပြောင်းလဲမှုများကို ဦးဆောင်နိုင်ရန် တူညီသောရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ပါသည်။

uab bank သည် “Leading change and humanising banking” တစ်ခုအနေဖြင့် လူငယ်များ၏ အရေးပါမှုကို နားလည်သိရှိထားပါသည်။ uab bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh မှလည်း “MAI နဲ့လက်တွဲပြီး ဘုန်းပြည့်နိုင်ရဲ့ အားကစားပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်ဖို့တင်မဟုတ်ပဲ နောက်လာမယ့် အားကစားသမားတွေကိုပါ ကူညီနိုင်တဲ့အတွက် တကယ်ကို ဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့အတူတူဒီလို လုပ်ဆောင်မှုတွေဟာ အားကစားသမားတွေကို သူတို့ဖြစ်ချင်တဲ့အရာတွေ၊ အိပ်မကတွေရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အထောက်အပံ့ကောင်းဖြစ်မယ်ဆိုတာ ထစ်ထစ်ချယုံကြည်ပါတယ်။” ဟု ဝမ်းသာစကား ပြောကြားခဲ့ပါတယ်။

ထို့အပြင် Myanmar Airways International ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar မှလည်း “ဒီလိုပူးပေါင်းဆောင်ရွက်တာဟာ ကျွန်တော်တို့ MAI ကနေ နိုင်ငံရဲ့ နောင်အားကစားလောကနဲ့ လူငယ်တွေကိုပိုပြီး ထောက်ပံ့မှုတွေပေးချင်လို့ပဲဖြစ်ပါတယ်။ အားကစားသမားတွေရော၊ ကျွန်တော်တို့ MAI ဟာ ဘယ်လိုစိန်ခေါ်မှုတွေပဲကြုံကြုံ မားမားမတ်မတ်အမြဲရပ်တည်နိုင်တဲ့ နိုင်ငံရဲ့ အလံကိုင်တွေဖြစ်ကြတဲ့အတွက်ကျွန်တော် အမြဲဂုဏ်ယူရပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုကတဆင့် ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ခိုင်ခိုင်မာမာ တည်ဆောင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ထပ်လောင်းဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။

ယခုပူးပေါင်းလုပ်ဆောင်မှုသည် နောင်လာမည့် အနာဂတ်တွင် တိုးတက်မှုများအား ပိုမိုယူဆောင်လာပေးနိုင်ရန်အတွက် စည်းလုံးမှု၊ စိတ်အားထက်သန်မှုနှင့် တူညီသောပန်းတိုင်ရှိကြသည့်သူများ၏ လုပ်ဆောင်မှုအစပင်ဖြစ်ပါသည်။