Rebuild Myanmar: Mandalay Quake Relief
Latest Updates >
Uab calendar mobile v1
Uab calendar 2026 desktop v1
uab bank 2026 Calendar

ရိုးရှင်းခံ့ညား ရိုးရာချည်များ၊ လှပသေသပ် လက်ရက်ကန်းအတတ်
ထိန်းသိမ်းဝတ်ဆင် မြန်မာတို့အစဉ်၊ ဂုဏ်ပြုဖော်ကြူး uab စိတ်ကူး

ရိုးရှင်းခံ့ညား ရိုးရာချည်များ
လှပသေသပ် လက်ရက်ကန်းအတတ်
ထိန်းသိမ်းဝတ်ဆင် မြန်မာတို့အစဉ်
ဂုဏ်ပြုဖော်ကြူး uab စိတ်ကူး

🎨 မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေထဲက ထင်ရှားတဲ့ ရတနာတစ်ခုဖြစ်တဲ့ မြန်မာ့ရိုးရာရက်ကန်းအတတ်နဲ့ အထည်အလိပ်များ
လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကို ထင်ဟပ်ပြသတဲ့ အနုပညာဆိုတာ မြန်မာ့ရှေးဟောင်းလက်မှုပညာတွေထဲက တစ်ခုဖြစ်တဲ့ ရိုးရာရက်ကန်းပညာ (ရက်ကန်း) ကို ချန်ထားလို့မဖြစ်ပါဘူး။ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကျွမ်းကျင်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ကိုယ်စားပြုတဲ့ ဒီရက်ကန်းတွေဟာ တော်ဝင်နန်းတော်တွေကစလို့ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတွေအထိ မျိုးရိုးအမွေအနှစ်၊ ဂုဏ်ယူဝံ့ကြွားမှုနဲ့ သဘာဝအလှတရားတွေရဲ့ ဇာတ်လမ်းပေါင်းများစွာကို ပြောပြနေတာပါ။
ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ရိုးရာအမွေအနှစ်တွေ ဆက်လက်ရှင်သန်တိုးတက်နေဖို့အတွက် uab ဘဏ်အနေနဲ့လည်း အမျိုးသားအနုပညာနဲ့ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) (NUAC) နဲ့ ပူးပေါင်းပြီး နောက်မျိုးဆက်သစ် လူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့် အစီအစဉ်ကောင်းတစ်ခုကို ဖော်ဆောင်နေပါတယ်။
အထူးသဖြင့် ၂၀၂၆ ခုနှစ်အတွက် uab ဘဏ်ရဲ့ ပြက္ခဒိန်မှာ NUAC ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ဖန်တီးမှုလက်ရာတွေကနေတစ်ဆင့် မြန်မာ့ရိုးရာရက်ကန်း ချည်ထည်အဆင် (၁၂) မျိုးကို ဂုဏ်ယူစွာ ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ရက်ကန်းလက်မှုပညာရဲ့ ကြွယ်ဝလှတဲ့ အမွေအနှစ်ကို ဂုဏ်ပြုရုံသာမက ခေတ်မီတဲ့အမြင်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကိုပါ ပေးစွမ်းနိုင်မှာပါ။ ဒီအစီအစဉ်ဟာ ထွန်းသစ်လာမယ့် အနုပညာရှင်လေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို မြှင့်တင်ပေးပြီး မြန်မာ့ထူးခြားတဲ့ အထည်အလိပ်အမွေအနှစ်ကို ထိန်းသိမ်းရင်း ဖန်တီးမှုအနာဂတ်အတွက် လမ်းကြောင်းတစ်ခု ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။
မေတ္တာ၊ လေးစားမှုနဲ့ ဂုဏ်ယူမှုအပြည့်နဲ့ ကျွန်ုပ်တို့ရဲ့ မြန်မာ့ရိုးရာရက်ကန်းအမွေအနှစ်ကို တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်လိုက်ကြရအောင်။
ဇန်နဝါရီ
တောတောင်သဖွယ်၊ ပုံရိပ်လွှာခြယ်
သဘာဝကျကျ ကချင်ချည်အလှ
Jan
တောတောင်သဘာဝမှ ပုံရိပ်များကို ခြယ်မှုန်းဖော်ပြသထားတဲ့ ကချင်ရိုးရာချည်ထည်များကို ရိုးရာဂျပ်ခုတ်နည်းဖြင့် ရက်လုပ်ဖန်တီးထားပြီး လှပတင့်တယ်ကာ ယနေ့ထိ ဂုဏ်ယူဖွယ်အမွေအနှစ်အဖြစ် ဆက်လက်တန်ဖိုးထားဝတ်ဆင်လျက်ရှိပါတယ်။
Paing Hein
ပိုင်ဟိန်း
ပိုင်ဟိန်းသည် ၂၀၂၃ ခုနှစ်မှ လက်ရှိအချိန်အထိ ပညာသင်ကြားလျက်ရှိသော ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (NUAC) မှ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၌ မွေးဖွားခဲ့သည်။ သူ၏ အနုပညာလှုပ်ရှားမှုများတွင် ၂၀၂၅ ခုနှစ်တွင် ကျင်းပသည့် “Thanakha Art Exhibition (Group Artwork)” တို့ဖြစ်ပါသည်။
ဖေဖော်ဝါရီ
မူပိုင်အသွင်၊ ဝတ်စားဆင်
ချည်ထည်ခိုင်မာ၊ ပအိုဝ်းရိုးရာ
Feb
ပအို၀့်တိုင်းရင်းသားတို့ရဲ့ ရိုးရာအထည်တွေက အနက်ရောင်နဲ့ နက်ပြာရောင်တို့ကို အခြေခံပြီး ထူးခြားလှတဲ့ အရောင်အဆင်းဟန်ပန်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ယနေ့တိုင် ဂုဏ်ယူစွာ ထိန်းသိမ်းဝတ်ဆင်လာတဲ့ ပအိုဝ့်ရိုးရာချည်ထည်တွေမှာ ပအိုဝ့်လူမျိုးတို့ရဲ့ ရိုးသားမှုနဲ့ သဘာဝအလှကို တွေ့မြင်နိုင်ပါတယ်။
Min Nyi Nyi Thaw
မင်းညီညီသော်
မင်းညီညီသော်သည် ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ဇင်းကျိုက်၊ ပေါင်မြို့နယ်၌ မိဘများဖြစ်ကြသော ဦးအောင်ဇော်ထွန်းနှင့် ဒေါ်တင်တင်ဆုတို့မှ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသားတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၂ ခုနှစ်၊ Water Lily Gallery တွင် ပြုလုပ်ခဲ့သော ဖန်တီးမှုအနုပညာပြပွဲ၊ ၂၀၂၃ ခုနှစ်၊ NUAC ၏ နှစ် ၃၀ ပြည့် အနုပညာပြပွဲ၊ ၂၀၂၅ ခုနှစ်တွင် “Beautiful Pottery from Twantay” ပြပွဲနှင့် “Rhythm of Myanmar Thanakha The Student Art Exhibition” တို့ဖြစ်ပါသည်။
မတ်
ရေလှိုင်းဟန်ပန် ၊ ပန်းနွယ်သဏ္ဌာန်
လှပသစ်လွင် ၊ အမရပူရချိတ်အဆင်
Mar
အမရပူရချိတ်အဆင်မှာ ရေလှိုင်းများရဲ့ အရှိန်ဟန်တွေနဲ့ ပန်းနွယ်များရဲ့ နူးညံ့လှပမှုပုံစံတို့ကို ပေါင်းစပ်ဖန်တီးထားပြီး မြန်မာ့ရိုးရာအလှအပများရဲ့ ဂုဏ်ယူစရာ လက်ရာတစ်ခုအဖြစ် တင်စားနိုင်ပါတယ်။ ရှေးယခင်ခေတ်ကတည်းကနေ ယနေ့ထိ အမရပူရချိတ်အဆင်ကို အနုပညာနဲ့ ယဥ်ကျေးမှုအမွေအနှစ်အဖြစ် တန်ဖိုးထားဝတ်ဆင်နေကြဆဲဖြစ်ပါတယ်။
Zin Mi Mi Aung
ဇင်မီမီအောင်
ဇင်မီမီအောင်သည် ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့နယ်၌ မိဘများဖြစ်ကြသောဖခင် ဦးအောင်ဖုန်းမြင့်နှင့် မိခင် ဒေါ်ထားထားမော်တို့မှ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူမ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၂ ခုနှစ်၊ Water Lily Gallery ၌ ကျင်းပသော ဖန်တီးမှုအနုပညာပြပွဲ၊ ၂၀၂၃ ခုနှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၏ နှစ် ၃၀ ပြည့် ပြပွဲ နှင့် ၂၀၂၅ ခုနှစ်တွင် ပြသသည့် “Beautiful Pottery from Twantay” ပြပွဲတို့ ဖြစ်ပါသည်။
ဧပြီ
တောင်တန်းမြေမှ ၊ သဘာဝအလှ
ရဲစွမ်းဂုဏ်အင် ၊ နာဂအဆင်
Apr
နာဂတောင်တန်းရဲ့ သဘာဝအလှနဲ့အတူ ခွန်အား၊ ရဲစွမ်းသတ္တိနဲ့ သဘာဝအလှတရားကို ဖော်ပြဖို့ ပုတီး၊ ခရုခွံ၊ သစ်သားတို့နဲ့ ပူးတွဲအလှဆင်ထားတဲ့ နာဂရိုးရာဝတ်စုံတွေက ယနေ့တိုင် မပျောက်ပျက်ဘဲ နှစ်သစ်ကူးပွဲတော်လို ရိုးရာယဉ်ကျေးမှုအကပွဲတွေမှာ နာဂလူမျိုးတွေ ဂုဏ်ယူစွာဝတ်ဆင်ပြီး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလျက်ရှိပါတယ်။
Nang Sai Kyauk
မနန်းဆိုင်ကျောက်
မနန်းဆိုင်ကျောက်သည် ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (NUAC) ၏ စတုတ္ထနှစ် ပန်းချီအထူးပြု ကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူမ၏ အနုပညာလက်ရာ အတွေ့အကြုံများမှာ – ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် NUAC ရန်ကုန်၌ ကျင်းပခဲ့သော နှစ် ၃၀ ပြည့် အနုပညာပြပွဲနှင့် ၂၀၂၅ ခုနှစ်တွင် NUAC ရန်ကုန်၌ ကျင်းပသည့် “Rhythm of Myanmar Thanakha The Student Art Exhibition” တို့ဖြစ်ပါသည်။
မေ
ရိုးရှင်းပုံပမာ၊ယောလက်ရာ
မြတ်နိုးဝတ်ဆင်၊ ယဉ်ကျေးမှုအဆင်
May
ရိုးရှင်းတဲ့ အကွက်ပုံစံတွေနဲ့ ယောလူမျိုးတို့ရဲ့ လက်ရာအနုပညာဖြစ်တဲ့ ယောလုံချည်က ယဉ်ကျေးမှုရဲ့ အမြတ်တန်ဖိုးတွေ ပေါ်လွင်နေပါတယ်။ လက်ရက်ကန်းနည်းနဲ့ တိကျသပ်ရပ်စွာ ရက်လုပ်ထားတဲ့ယောလုံချည်တွေကို မြန်မာ့ရိုးရာယဥ်ကျေးမှုရဲ့ မပါမဖြစ် အမှတ်အသားတစ်ခုလို မပျောက်ပျက်အောင် တန်ဖိုးထားကာ ယနေ့တိုင် ထိန်းသိမ်းဝတ်ဆင်နေကြပါတယ်။
Pyae Sone Aung
ပြည့်စုံအောင်
ပြည့်စုံအောင်သည် ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသားတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၂ ခုနှစ်၊ Water Lily Gallery ၌ ကျင်းပသော ဖန်တီးမှုအနုပညာပြပွဲ၊ ၂၀၂၃ ခုနှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၏ နှစ် ၃၀ ပြည့် ပြပွဲ နှင့် ၂၀၂၅ ခုနှစ်တွင် ပြသသည့် “Beautiful Pottery from Twantay” ပြပွဲတို့ ဖြစ်ပါသည်။
ဇွန်
ပန်းခက်ပန်းနွယ်၊ ရွှေငွေချည်နွယ်
လက်ရက်အသွေးစုံ၊ မွန်ထည်ရောင်စုံ
Jun
ပန်းခက်ပန်းနွယ်ပုံစံများကို ရောင်စုံချည်မျှင်များနဲ့ အနုစိတ်ဖန်တီးထားတဲ့ မွန်ရိုးရာချည်ထည်များဟာ လက်ရက်ကန်းနည်းရဲ့ ထူးခြားတဲ့အလှကို ပေါ်လွင်စေတဲ့အပြင် မွန်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ မြင့်မားတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယနေ့ထိတိုင် တန်ဖိုးထားဝတ်ဆင်လျက်ရှိကြပါတယ်။
Naing Lin Soe
နိုင်လင်းစိုး
နိုင်လင်းစိုးသည် ၂၀၀၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် မိဘများဖြစ်ကြသော ဖခင် ဦးစံလသိန်းနှင့် မိခင် ဒေါ်စံစံဝင်းတို့မှ မွေးဖွားခဲ့သည်။ သူသည် ရေဦးအထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသားတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၂ ခုနှစ်၊ Water Lily Gallery ၌ ကျင်းပသော ဖန်တီးမှုအနုပညာပြပွဲ၊ ၂၀၂၃ ခုနှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၏ နှစ် ၃၀ ပြည့် ပြပွဲ နှင့် ၂၀၂၅ ခုနှစ်တွင် ပြသသည့် “Beautiful Pottery from Twantay” ပြပွဲတို့ ဖြစ်ပါသည်။
ဇူလိုင်
အစင်းသဏ္ဌာန်၊ ရိုးရှင်းဟန်
ထိန်းသိမ်းဆက်ဝတ်၊ ကရင်တို့အမွေအနှစ်
July
ကရင်လူမျိုးတို့ရဲ့ ရိုးသားဖြူစင်မှုကို ဖော်ကျူးတဲ့အနေနဲ့ ရိုးရှင်းလှပတဲ့ အစင်းသဏ္ဌာန်များကို သဘာဝသစ်ခေါက်ဆိုးကာ ဂျိတ်၊ ကြိမ်သီးများ၊ ရောင်စုံချည်များဖြင့် ဂျပ်ခုတ်ရက်ကန်းနည်းကို အသုံးပြုကာ ရက်လုပ်ထားတဲ့ ကရင်ရိုးရာဝတ်စုံများဟာ ရိုးရာလက်မှုအမွေအနှစ်တစ်ခုအဖြစ် ယနေ့ထိ ထင်ရှားနေဆဲဖြစ်ပါတယ်။
Thant Phyu Phyu Tun
သန့်ဖြူဖြူထွန်း
သန့်ဖြူဖြူထွန်းသည် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူမ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၃ ခုနှစ်၊ NUAC ၏ နှစ် ၃၀ ပြည့် ပုလဲရတု အနုပညာပြပွဲ (အဖွဲ့လိုက်လက်ရာ) နှင့် ၂၀၂၅ ခုနှစ် သနပ်ခါး အနုပညာပြပွဲ (အဖွဲ့လိုက်လက်ရာ) တို့ ဖြစ်ပါသည်။
ဩဂုတ်
အစင်း-အကွက် ၊ မျဥ်းနဲ့ပေါင်းစပ်
ခံ့ညားအရောင်စုံ ၊ ချင်းတို့ဂုဏ်
Aug
အရောင်၊ အကွက်နဲ့ မျဥ်းဖြောင့်တို့ကို ပေါင်းစပ်ဖန်တီးတဲ့ ချင်းလူမျိုးတို့ရဲ့ ရိုးရာဂျက်ခုတ်လက်ရာတွေက အစဥ်အလာကြီးမားတဲ့ ဂုဏ်ရှိန်နဲ့ ယဉ်ကျေးမှုကို ခိုင်မာစွာပြသနေကြတာကို သတိထားမိကြမှာပါ။ လက်ရာတိုင်းက နူးညံ့လှပတဲ့အပြင် ခိုင်မာရဲရင့်ခြင်း အဓိပ္ပါယ်တွေပါ ပြည့်ဝနေတဲ့ ရိုးရာအနုပညာအမွေအနှစ်တစ်ခုပါပဲ။
Thoon Moe Shwe Yi
သွန်းမိုးရွှေရည်
သွန်းမိုးရွှေရည်သည် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မွေးဖွားခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသားပန်းချီပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူမ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၂ ခုနှစ်တွင် Waterlily Gallery ၌ ပြသခဲ့သော ဖန်တီးမှုအနုပညာပြပွဲ၊ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော NUAC ၏ နှစ် ၃၀ ပြည့် အနုပညာပြပွဲတို့ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
စက်တင်ဘာ
သဘာဝအလျှင်၊ ရိုးရှင်းအဆင်
ဘိုးဘွားအမွေမြတ်၊ ကယန်းရက်ကန်းအတတ်
Sep
ကယန်းရက်ကန်းအတတ်က ဘိုးဘွားအမွေအနှစ်တစ်ရပ်ဖြစ်ပြီး သဘာဝအလှနဲ့ ရိုးရာဓလေ့အမှတ်အသားတွေကို ထင်ဟပ်ဖော်ပြထားပါတယ်။ ယနေ့ထိတိုင် ကယန်းအမျိုးသမီးများရဲ့ ကြေးကွင်းများကဲ့သို့ ရိုးရာယဥ်ကျေးမှုဆိုင်ရာ ဝတ်စားဆင်ယင်မှုအနေနဲ့ ဆက်လက်ဝတ်ဆင်လျက်ရှိသလို မိရိုးဖလာအိမ်တွင်းမှုလုပ်ငန်းအနေနဲ့လည်း ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။
Ye Yint
ရဲရင့်
ရဲရင့်သည် ၂၀၀၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသားတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူ၏ မိဘများမှာ ဦးမြင့်အောင်နှင့် ဒေါ်မေကြည်ဦးတို့ ဖြစ်ကြသည်။ ရဲရင့်၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၂ ခုနှစ်တွင် Waterlily Gallery ၌ ပြသခဲ့သော ဖန်တီးမှုအနုပညာပြပွဲ၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော NUAC ၏ နှစ် ၃၀ ပြည့် အနုပညာပြပွဲတို့ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
အောက်တိုဘာ
မင်းမျိုးမင်းနွယ် ၊ ဝတ်ဆင်ဖွယ်ဖွယ်
ဂုဏ်ရှိန်ကြီးမြတ် ၊ တော်ဝင်ချိတ်မှတ်
Oct
ရှေးခေတ် မြန်မာဘုရင်၊ မိဖုရားတွေနဲ့ တော်ဝင်မင်းမျိုးများအတွက် နန်းတွင်းသုံး ရွှေ၊ငွေချည်ထည် ပိုးထည်တွေကို အတော်ဆုံးလက်ရက်ကန်းပညာရှင်များက ရေလှိုင်းပုံ၊ ပန်းနွယ်ပုံများနဲ့ လက်စွမ်းပြ အနုစိတ်ဖန်တီးထားတဲ့ မြန်မာ့တော်ဝင်ချိတ်များက မြန်မာတို့ရဲ့ အခမ်းနားဆုံး ရိုးရာအမွေအနှစ်တွေထဲက တစ်ခုပဲပါ။
Antt Min Maung
အံ့မင်းမောင်
အံ့မင်းမောင်သည် ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသားတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော NUAC ၏ နှစ် ၃၀ ပြည့် ပုလဲရတု အနုပညာပြပွဲ (အဖွဲ့လိုက်လက်ရာ) နှင့် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော သနပ်ခါး အနုပညာပြပွဲ (အဖွဲ့လိုက်လက်ရာ) တို့ဖြစ်ပါသည်။
နိုဝင်ဘာ
ရိုးရာအစဥ်အလာ ၊ မြတ်ပဒုမ္မာ
ကြာမျှင်နူးညံ့ ၊ အင်းလေးရနံ့
Nov
အင်းလေးကန်ရေပြင်ပေါ် လှပစွာပွင့်လန်းနေတဲ့ ပဒုမ္မာကြာပန်းတို့ဆီမှသာ ရရှိနိုင်တဲ့ အင်းလေးကြာချည်ဟာ အင်းသားလူမျိုးတို့၏ တန်ဖိုးရှိလက်ရာပဲ ဖြစ်ပါတယ်။ နူးညံ့အိစက်ပြီး အေးမြသပ်ရပ်နေတဲ့ ကြာချည်ထည်များဟာ အင်းသားတို့ရဲ့ ဂုဏ်ယူစရာ ထာဝရအမွေအနှစ်တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပါတယ်။
Mya Thinzar Hlaing
မြတ်သင်ဇာလှိုင်
မြတ်သင်ဇာလှိုင်သည် ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၂လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) ၏ တတိယနှစ် ပန်းချီအထူးပြု ကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူမ၏ အနုပညာလှုပ်ရှားမှုများမှာ – ၂၀၂၃ ခုနှစ်၊ NUAC ရန်ကုန်၊ ပန်းချီဌာန၏ နှစ် ၃၀ ပြည့် အနုပညာပြပွဲ၊ ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနေ့ “အနုပညာပြိုင်ပွဲ” နှင့် ၂၀၂၅ ခုနှစ်၊ “Rhythm of Myanmar Thanakha The Student Art Exhibition” တို့ ဖြစ်ပါသည်။
ဒီဇင်ဘာ
ရောင်စုံအစင်း၊ လှပကျော့ရှင်း
ဆန်းသစ်လက်ရာ၊ ရှမ်းတို့ရိုးရာ
DEc
ရောင်စုံအစင်းတွေကြားမှာ ရှမ်းလူမျိုးတို့ရဲ့ သေသပ်ကျော့ရှင်းလှတဲ့ အနုပညာလက်ရာတွေ ပွင့်လန်းနေပါတယ်။ လက်ရက်ကန်းနည်းနဲ့ ဖန်တီးထားတဲ့ ရှမ်းရိုးရာချည်ထည်တွေကို ရိုးရှင်းလှပသွားအောင် အနုစိတ်ဖန်တီးထားပြီး ရှေးစော်ဘွားခေတ်ကတည်းကနေ ယနေ့ထိ ဆက်လက်ထိန်းသိမ်းလာတဲ့ ရှမ်းလူမျိုးတို့ရဲ့ အစဥ်အလာကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ ယဉ်ကျေးမှုအလှကို ဖော်ပြထင်ဟပ်နေဆဲပါ။
Thiri
အိမ့်မက်ချိမ့်ချိမ့်
အိမ့်မက်ချိမ့်ချိမ့်သည် ၁၉၉၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၌ မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) (NUAC) ၏ နောက်ဆုံးနှစ် ပန်းချီအထူးပြု ကျောင်းသူတစ်ဦးအဖြစ် ပညာသင်ကြားလျက်ရှိသည်။ သူမသည် Root Art (၂၀၂၀-၂၀၂၁) နှင့် Mr. Blue (၂၀၂၁) တို့မှ ပန်းချီပညာနှင့်ပက်သက်ကာ လုပ်ငန်းအတွေ့အကြုံများ ရရှိထားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ Art M တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ သူမ၏ အနုပညာအတွေ့အကြုံများမှာ – ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော “Dream”၊ “Memo”၊ နှင့် “Creative Souls” (အဖွဲ့လိုက်) ပြပွဲများနှင့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော “Memo: Twige” ပြပွဲဟူ၍ တစ်ကိုယ်တော်ပြပွဲ လေးခုအပြင် ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သော “Beautiful Pottery from Twantay”ပြပွဲတို့ ဖြစ်ပါသည်။